အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၁/၂၀၂၅) ကျင်းပ
Posted on 24.01.2025
နေပြည်တော်၊ ဇန်နဝါရီ ၂၁
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က
မြန်မာနိုင်ငံအာမခံဈေးကွက်တွင် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံကုမ္ပဏီ (၉) ခု၊
ဖက်စပ်အသက်အာမခံကုမ္ပဏီ (၃) ခု၊ ရာနှုန်းပြည့် နိုင်ငံခြားအသက်
အာမခံကုမ္ပဏီ (၅) ခု၊ ပြည်တွင်း ပုဂ္ဂလိကအထွေထွေအာမခံကုမ္ပဏီ (၆) ခု၊
ဖက်စပ်အထွေထွေအာမခံ ကုမ္ပဏီ (၃) ခု၊ အသက်နှင့် အထွေထွေအာမခံ (၂) မျိုးလုံး
လုပ်ကိုင်သည့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် စုစုပေါင်း (၂၇)
ခုရှိပြီး ယင်းကုမ္ပဏီများမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ
အများပြည်သူများသို့ အာမခံ ဝန်ဆောင်မှု ပေးရန်လိုကြောင်း၊
အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်း ပြည်သူများ
အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊
အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ် ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း
လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာ
ဆောင်ရွက်သွားရန်လိုကြောင်း၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အနေဖြင့်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံအာမခံဈေးကွက်အတွင်းရှိ
အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေး ခိုင်မာမှုရှိစေရန် လိုက်နာရမည့်
ညွှန်ကြားချက် (၃) ခုကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အာမခံလုပ်ငန်း
ကြီးကြပ်ရေးအဖွဲ့အနေဖြင့် အများပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု
အကာအကွယ်ပေးနိုင်ရန် အတွက် ကျန်းမာရေးအာမခံ၊ ပြင်းထန်သောရောဂါ
ကုသမှုအာမခံနှင့် လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုအာမခံများ
ရောင်းချခွင့်ပြုခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံခြားအသက်
အာမခံကုမ္ပဏီများနှင့် ဖက်စပ်အသက်အာမခံ ကုမ္ပဏီများတို့မှလည်း
မူလခွင့်ပြုထားသည့် ကျန်းမာရေး အာမခံအမျိုးအစား ထက် ပိုမိုကောင်းမွန်ပြီး
အကျိုးခံစားခွင့် ပိုမိုရရှိမည့် ကျန်းမာရေးအာမခံများကို ပိုမို
ဆောင်ရွက်ပေးခြင်း၊ အာမခံထားငွေများကိုပိုမိုခွင့်ပြုပေးခြင်း၊
အာမခံသက်တမ်းပုံစံမျိုးစုံကို လက်ခံနိုင်သည့် အာမခံအမျိုး အစားများ
တင်ပြလာမှုအား ရောင်းချနိုင်ရန် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍
မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်း တိုးတက်မှုရရှိခဲ့ကြောင်းနှင့်
ယနေ့အစည်းအဝေးတွင် တင်ပြသည့် အမှာစာများ အပေါ်
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များအနေဖြင့်
ဝိုင်းဝန်းအကြံပြုဆွေးနွေးရန် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက (၃၇)
ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊
ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့်
အာမခံအမျိုးအစားသစ်များနှင့်စပ်လျဉ်း၍ အထွေထွေအာမခံ အမျိုးအစားများ ဖြစ်သော
ပြည်ပပါဆယ်အာမခံအမျိုးအစားသစ်၊ ဖုန်းမျက်နှာပြင်အာမခံအမျိုးအစားသစ်၊
အသေးစား ကျန်းမာရေးအာမခံနှင့် အသက်အာမခံအမျိုးအစားများဖြစ်သော
တမူထူးခြားသည့် ထပ်ပေါင်းစုဆောင်း အသက်အာမခံ ၅/၃ အာမခံအမျိုးအစားသစ်၊
ပြင်းထန်ရောဂါထပ်တိုး အစီအစဉ်သစ်နှင့် လုံခြုံချေးငွေ အသက်အာမခံ
အမျိုးအစားသစ် စုစုပေါင်း အာမခံအမျိုးအစားသစ် (၆) မျိုး၊ ကော်ပိုရိတ်အာမခံ
ကိုယ်စားလှယ်လိုင်စင် တင်ပြခြင်းကိစ္စနှင့် အာမခံကုမ္ပဏီအသီးသီးမှ
Independent Director ၊ Chief Executive Officer ၊ Chief Financial Officer
ခန့်အပ်ခြင်းကိစ္စရပ်များ ၊ အာမခံကိုယ်စားလှယ် လုပ်ကိုင်
ခွင့်လိုင်စင်ထုတ်ပေးခွင့်ပြုရန်ကိစ္စ၊ အာမခံကုမ္ပဏီများ၏
ရုံးခွဲဖွင့်လှစ်ခြင်းကိစ္စ၊ အာမခံ ကိုယ်စားလှယ် သင်တန်းကျောင်း
ပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့အား မှတ်တမ်းတင်ရန်ကိစ္စရပ်များ အပါအဝင်
အစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြပြီး
ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက ဆွေးနွေးတင်ပြချက်များအပေါ်
လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးအကြံပြုတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အာမခံလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများအတွက် အကျိုးရှိမည့် လိုအပ်သည့် အာမခံအမျိုးအစားများရရှိစေရန် ပြည်တွင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများသာမက နိုင်ငံခြားအသက် အာမခံကုမ္ပဏီများနှင့် ဖက်စပ်အာမခံ ကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အာမခံဝန်ဆောင်မှုပေးရာတွင် အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် ကော်ပိုရိတ်အာမခံကိုယ်စားလှယ်အဖြစ် လုပ်ငန်းလုပ်ကိုင် ခွင့်ပြုထားသော ကုမ္ပဏီများအနေဖြင့်လည်း ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက် များကို အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အာမခံအမျိုးအစား (၆၀) မျိုးတို့ကို လည်း ခွင့်ပြုထားပြီး နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး (၂၉) ခု၊ အာမခံ လျော်ကြေးတွက်ချက်သည့် Adjuster & Surveyors ကုမ္ပဏီ (၅) ခု၊ ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ် (၅၈) ခု၊ တစ်ဦးချင်းအာမခံကိုယ်စားလှယ်စုစုပေါင်း (၁၉၂၃၄) ဦး၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ် စင်တာ (၁) ခုနှင့် ဌာနတွင်းအာမခံကိုယ်စားလှယ် သင်တန်းကျောင်း (၂၅) ခု တို့ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်File Attachment :
Tags :