Ministry of Planning and Finance

Financial Regulatory Department
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA)၏နှစ်ပတ်လည် အသင်းဝင်များညီလာခံသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခြင်း
Posted on 23.02.2024
post image

မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်း (MMFA) ၏ နှစ်ပတ်လည် အသင်းဝင်များညီလာခံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ ဒုတိယဥက္ကဋ္ဌ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက Online မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။

          အဆိုပါအသင်းဝင်များ နှစ်ပတ်လည်ညီလာခံသို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အရာထမ်းများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ အသင်းဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုနာယကအဖွဲ့ဝင်များ၊ အဖွဲ့ဝင်အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ အဖွဲ့ဝင်မိတ်ဖက်အဖွဲ့အစည်းများနှင့်ဖိတ်ကြား ထားသူများတက်ရောက်ကြပါသည်။

          အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ ဒုတိယဥက္ကဋ္ဌ  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရက အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးနောက် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ ၏ လုပ်ငန်းတာဝန်များထိရောက်စွာ ပူးပေါင်းအကောင် အထည်ဖော်ရန်၊ အသိပညာဗဟုသုတများ မျှဝေရန်၊ ဥပဒေစည်းမျဉ်းမူဘောင်များပိုမိုခိုင်မာအားကောင်း ရေးအတွက် စည်းမျဉ်းချမှတ်သူများနှင့် ထိရောက်စွာဆက်သွယ်ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍကို ပြန်လည်လေ့လာကြည့်လျှင် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၄၂) ဖွဲ့ ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း (၁၇၈) ဖွဲ့ အထိ တိုးတက်လာခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ ရပ်ကွက်(၂၂၄၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၂၆၉၈၅) ရွာရှိ အသင်းဝင်ဦးရေ (၃.၅) သန်းကျော်ကို ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ကဏ္ဍအလိုက်ငွေကြေးဝန်ဆောင်မှုအနေဖြင့် ထုတ်လုပ်မှု ကဏ္ဍတွင်  ၆ %၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၄ %၊ ကုန်သွယ်မှု ကဏ္ဍတွင် ၃၈ %၊ စိုက်ပျိုးရေးကဏ္ဍတွင် ၃၅ %၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍတွင် ၆  % နှင့် ပညာရေးကဏ္ဍတွင် ၁ % အား ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နယ်မြေဒေသလုံခြုံရေး အခြေအနေများကြောင့် ၂၀၂၀ ခုနှစ်နောက်ပိုင်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန် ကျဆင်းခဲ့သည်ကိုတွေ့ရကြောင်း၊ သို့ရာတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှု၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေး လုပ်ငန်းများအသင်း၏ ပူးပေါင်းဆောင်ရွက်မှု၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုချင်းစီ၏ ကြိုးစားအားထုတ်မှု ကြောင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိဘဲ ထိန်းသိမ်းလည်ပတ် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်းမှစ၍ အချို့နယ်မြေ ဒေသများမှလွဲ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်တိုးတက် ရောက်ရှိခဲ့ကြောင်း၊ အသင်းသားများ၏ ချေးငွေပြန်လည်ပေးဆပ်နိုင်မှုနှုန်းသည်လည်း ၁၀၀ ရာခိုင်နှုန်း နီးပါးအထိ ကောင်းမွန်လာသည်ကိုတွေ့ရှိရကြောင်း၊ မိုခါမုန်တိုင်းကျရောက်ခြင်းနှင့် ရေကြီးရေလျှံခြင်း သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကာလများအတွင်း အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း များမှ အသင်းဝင်များ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့မှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကိုလည်း  အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ဥပဒေပြင်ဆင်ပြီးပါက ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ် ဆောင်ရွက်ခြင်း၊ အရစ်ကျချေးငွေစနစ်ဖြင့် ပစ္စည်းဝယ်ယူခြင်း၊ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ရယူသုံးစွဲခြင်း၊ အသင်းဝင်များ၏ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များကိုမျှဝေနိုင်ခြင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ ခြင်းအတွက် အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဝင်ငွေနည်းပြည်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေပြု MSME လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေးဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယခုကျင်းပသည့် မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေးအသင်း၏ ညီလာခံတွင် လက်ရှိကြုံ တွေ့ရသည့်အခက်အခဲများကို စုပေါင်းဆွေးနွေး အဖြေရှာခြင်း၊ အသိပညာဗဟုသုတနှင့် အတွေ့အကြုံ များဖလှယ်ခြင်း၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့ တိုးတက်ရေးနှင့် ဝင်ငွေနည်းပြည်သူများနှင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားရေးဘဝ ပိုမိုတိုးတက်ကောင်း မွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေး လုပ်ငန်းများအသင်း ညီလာခံကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပပါသည်။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ်ရှိ ရပ်ကွက်(၂၂၄၅) ရပ်ကွက်နှင့် ကျေးရွာပေါင်း(၂၆၉၈၅)ရွာရှိ အသင်းဝင် ဦးရေ (၃.၅)သန်းကျော်ကို အသေးစား ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

File Attachment :

Recent Posts

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ကျင်းပ

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၊ လုပ်ငန်းဆောင်ရွက်မှု

ကုလသမဂ္ဂလုံခြုံရေးကောင်စီး၏အရေးယူပိတ်ဆို့မှု (Sanction)အောက်ရှိ ကော်မတီများမှ ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်အတွက် ဆုံးဖြတ်ချက်အမှတ်များ