အစည်းအဝေးကို ၄-၇-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)တွင်

အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပပါသည်။ ပထမပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ မိတ်ဆက်ကြပြီး အဖွဲ့၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်ပြီးစီးမှုများ၊

ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်များအား ဒုတိယဝန်ကြီး (ဥက္ကဋ္ဌ) က တင်ပြရာ ပြည်ထောင်စုဝန်ကြီးက

ဆက်လက်ဆောင်ရွက်ရန်များအား လမ်းညွှန် မိန့်မှတ်ပေးပါသည်။ ဒုတိယပိုင်းတွင် ဒုတိယဝန်ကြီးက

ယခင်အစည်းအဝေးများတွင် အကြောင်း အမျိုးမျိုးဖြင့် ဆိုင်းငံ့ထားမှုများရှိပါကြောင်း၊ ထပ်မံခွင့်ပြုမည့်

အာမခံအမျိုးအစားသစ်များကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ခိုင်မာစွာ

ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အာမခံလုပ်ငန်းကဏ္ဍ ရှင်သန် တိုးတက် ထွန်းကားလာစေရန်နှင့် အာမခံဝယ်ယူသူ

ပြည်သူလူထုများ အား မှန်ကန်သော အကာအကွယ်ပေးနိုင်ရန်အတွက် မျက်ခြေမပြတ် ကြိုးပမ်းနေကြောင်းနှင့်

မိမိတို့ တာဝန်ယူပြီးချိန်မှ ယခုအထိ အစည်းအဝေး (၁၃) ကြိမ်ကျင်းပနိုင်ခဲ့ကာ အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်

စေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားအာမခံကုမ္ပဏီများ မြန်မာနိုင်ငံစျေးကွက်သို့

ဝင်ရောက်လုပ်ကိုင်နိုင်ရေး၊ အာမခံကုမ္ပဏီရုံးခွဲများ ထပ်မံခွင့်ပြုနိုင်ရေး၊ အာမခံအကျိုးဆောင်ကုမ္ပဏီ များ ခွင့်ပြုနိုင်ရေး၊

ပြည်တွင်းအာမခံကုမ္ပဏီများ ရှင်သန် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများ အနေဖြင့် အာမခံထားရှိစေရန်

လုပ်ဆောင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်

ဦးဇော်နိုင်က ယခင်အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများ အပေါ် ဆောင်ရွက်ပြီးစီးမှုများအားတင်ပြခြင်းနှင့်

ယခုအစည်းအဝေးတွင် ဆွေးနွေးမည့်အမှာစာ တစ်ခုချင်းစီတို့အား တင်ပြရာတွင် မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံနှင့်

ရေကြောင်းအာမခံ တို့နှင့်ပတ်သက်၍ Coinsurance ဆောင်ရွက်နေမှုများ၊ တဆင့်အာမခံ ဆောင်ရွက်ပါက နိုင်ငံတကာ၌

ဆောင်ရွက်နေမှုများအနက် အရိုးရှင်းဆုံး Quota Share ဖြင့် ဆောင်ရွက် သင့်ကြောင်း၊ တဆင့်အာမခံ နှင့်ပတ်သက်သည့်

အစည်းအဝေးကို သီးခြား ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ အာမခံစျေးကွက်အတွင်း အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများ၊

ညွှန်ကြားချက်များကို လိုက်နာမှုမရှိဘဲ ဆောင်ရွက် နေသည့်ကုမ္ပဏီများအား အထောက်အထားပေါ်လွင်မှုရှိပါက

ထိရောက်စွာ အရေးယူနိုင်ရေး စိစစ် တင်ပြကြရန် ဆွေးနွေးပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ အာမခံစျေးကွက်

ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဤအဖွဲ့အနေဖြင့် အာမခံ အမျိုးအစားသစ်များကို

ထပ်မံခွင့်ပြုခြင်း၊ နိုင်ငံခြားအာမခံကုမ္ပဏီများကိုလည်း ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အာမခံလုပ်ငန်း

ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ကို ဝန်ကြီးဌာနသို့ အခါအားလျော်စွာတင်ပြန်ရမည်ဖြစ်ကြောင်း

နိဂုံးချုပ် ပြောကြားခဲ့ပါသည်။