၁။ မြန်မာ့အသေးစားချေးငွေလုပ်ငန်းကို နိုင်ငံတော်အစိုးရ ၊ အပေါင်ဆိုင်ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့ အမည်ဖြင့် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပထမဆုံး စတင်တည်ထောင်ခဲ့သည်။ ၁၉၆၁ ခုနှစ် ၊ အောက်တိုဘာလတွင် ပြည်သူ့ငွေချေးကုမ္ပဏီ အမည်ဖြင့် မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်းကို ပြည်သူပိုင်သိမ်းလိုက်သောအခါ ပြည်သူ့ ငွေချေးကုမ္ပဏီကို ပြည်ထောင်စု မြန်မာနိုင်ငံပြည်သူ့ဘဏ်အတွင်းသို့ ပေါင်းစပ် ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက်တွင် အသစ်ဖွဲ့စည်းလိုက်သော မြန်မာ့ စီးပွားရေးဘဏ်၏ အသေးစားချေးငွေဌာနတစ်ခုအဖြစ် ထည့်သွင်း ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၀ ခုနှစ် ပြည့်နှစ် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကို ပြဋ္ဌာန်းလိုက်သောအခါ အသေးစားချေးငွေဌာနသည် မြန်မာ့စီးပွားရေးဘဏ်မှ ခွဲထွက်ပြီး မြန်မာ့အသေးစားချေးငွေလုပ်ငန်း အမည်ဖြင့် ၁၉၉၂ ခုနှစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှစ၍ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သီးခြားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်။


၂။ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ပီပီ ပြင်ပြင်ရှိစေရန် ၂၀၁၁ ခုနှစ်၊အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မြန်မာ့အသေးစားချေးငွေလုပ်ငန်း အား မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးလုပ်ငန်း အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်းသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက် အဖွဲ့အစည်းအဖြစ် လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။


၃။ ၁၄-၈-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၄) ၏ သဘောတူခွင့်ပြုချက်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁-၉-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ( ၁၅၆၀/၂၀၁၄) တို့အရ " မြန်မာ့အသေးစား ငွေရေးကြေးရေး ကြီးကြပ်စစ်​ဆေးရေးလုပ်ငန်း" အား ၁-၉-၂၀၁၄ ရက်နေ့မှစ၍ " ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန" သို့ ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ဖွဲ့စည်းပုံတွင် ရုံးချုပ် ဌာနခွဲ (၆) ခု ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ရုံးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

Burmese